CSR ကိုမှန်ကန်စွာပြုလုပ်ရန် ရရှိခဲ့သော သင်ခန်းစာများ

Choose the language in English

မြန်မာလူမှုအဖွဲ့အစည်းအတွက် အလှူအတန်းပြုလုပ်ခြင်းသည် ဘာသာရေးရည်မှန်းချက်များ အပြင် လောကီကိစ္စများအတွက်ပါ အရိုးစွဲနေသော ဓလေ့ဖြစ်သည်။ စီးပွားရေးလုပ်ငန်းများကပါ ယင်းဓလေ့ကို ကျင့်သုံးလိုလာသောအခါ လူမှုအကျိုးပြုလုပ်ငန်း (CSR)များသည်လည်း တိုင်းပြည်၏ မူလဓလေ့ဖြစ်သော အလှူအတန်းပေးကမ်းခြင်းကိစ္စရပ်များတွင်သာ ပိုမိုအားသန်လာခဲ့သည်။

စီးပွားရေးလုပ်ငန်းများက CSR လှုပ်ရှားမှုများပြုလုပ်သောအခါ အလွယ်ကူဆုံးရွေးချယ်စရာအနေဖြင့် ကြောင်းကျိုးဆီလျော်ကောင်းမွန်သော ကိစ္စရပ်တစ်ခုခုကို ရွေးချယ်လှူဒါန်းကြသည်။ မြန်မာနိုင်ငံ အနေအားဖြင့် ငွေသားလှူဒါန်းမှုဖြစ်စေ ပစ္စည်းများလှူဒါန်းမှုဖြစ်စေ ပြုလုပ်ရန် လိုအပ်နေသည့် ကိစ္စရပ်များ အချိန်မရွေးရှိနေမည်မှာလည်း အသေအချာပင်ဖြစ်သည်။ သို့သော် ရေရှည်အကျိုးဖြစ်ထွန်းရန် ရည်ရွယ်သော CSR လုပ်ငန်းဆိုသည်မှာ အလှူပြုလုပ်ပြီး တစ်ကြိမ်တစ်ခါအတွက် ကူညီဖြေရှင်းခြင်းထက် ပိုမိုလုပ်ဆောင်ရမည်ဖြစ်သည်။

ကမ္ဘာလုံးဆိုင်ရာ စွမ်းအင်၊ ရေကြောင်းနှင့် မြို့ပြဖွံ့ဖြိုးရေးဆိုင်ရာ လုပ်ငန်းစုကြီးဖြစ်သည့် Sembcorp သည် မန္တလေးတိုင်း၊ မြင်းခြံမြို့ရှိ ၎င်းတို့၏ ဓာတ်အားပေးစက်ရုံအနီးတဝိုက်ရှိ လူမှုအဖဲ့ွအစည်းအတွင်း လှုပ်ရှားတက်ကြွစွာပါဝင်နေလျက်ရှိသည်။ Sembcorp ၏ CSR လုပ်ငန်းစဉ်များကို လေ့လာကြည့်လျှင် ၎င်းတို့၏ CSR အစီအစဉ်များ ပိုမိုအကျိုးဖြစ်ထွန်းပြီး အသုံးတည့်စေရန် မည်သို့ လမ်းဖောက်လုပ်ဆောင်လျက် ရှိသည် ဆိုသည့် အသုံးဝင်ပြီး တန်ဖိုးရှိသော အချက်အလက်များကို မြင်တွေ့နိုင်သည်။

ရည်ရွယ်ချက်ကို သတ်မှတ်ခြင်း

လူမှုအကျိုးပြုလုပ်ငန်း CSR ဟူသည် တာဝန်သိစိတ်ဖြင့်လုပ်ကိုင်ခြင်းဖြစ်ပြီး အခွင့်အလမ်းများရရှိရန် လုပ်ကိုင်ခြင်း မဟုတ်သည်ကို သိရှိနားလည်သော လုပ်ငန်းအနေဖြင့် ၎င်းတို့၏ CSR လုပ်ငန်းများမှတဆင့် အကျိုးခံစားခွင့်များကို ပိုမိုများပြားစေရန်လုပ်ဆောင်ရာ၌ အခက်အခဲများရှိနိုင်မည်ဖြစ်သည်။ Sembcorp ၏ ရည်ရွယ်ချက်မှာမူ ရေရှည်အကျိုးဖြစ်ထွန်းသောအနာဂတ်ကို ဖန်တီးရာ၌ အခန်းကဏ္ဍတစ်ခုအနေဖြင့် ပါဝင်ပြီး ကောင်းကျိုးများကိုလုပ်ဆောင်ရန်ဖြစ်သည်။ ယင်းရည်ရွယ်ချက်ကြောင့် Sembcorp သည် ၎င်းတို့နှင့် ဆက်စပ်နေသည့် လူမှုဝန်းကျင်၌ မည်သို့ပါဝင်လုပ်ဆောင်မည်ဆိုသည့် အချက်ကို ရှင်းလင်းသွားစေသည်။

ဆွေးနွေးခြင်း၊ ရှင်းလင်းခြင်း၊ ဖလှယ်ခြင်း

သဘာဝဓာတ်ငွေ့သုံးဓာတ်အားပေးစက်ရုံ တည်ဆောက်မှု ကနဦးလုပ်ငန်းများအတွက် မြင်းခြံသို့ Sembcorp ရောက်ခဲ့စဉ်က ဒေသခံများအတွက် သင့်လျော်မည့် CSR စီမံကိန်းများရေးဆွဲရန် ဆယ်စုနှစ်ချီရှိထားသည့် နိုင်ငံတကာအတေ့ွအကြုံများကိုပါ ထည့်သွင်းစဉ်းစားခဲ့သည်။ သို့သော် ဒေသတစ်ခုချင်းစီ၏ ဓလေ့များ မတူညီသည်ကို သိရှိသည့်အတွက် Sembcorp ဘက်မှ အကြံပြုသည်ထက် ဒေသခံများနှင့် တွေ့ဆုံဆွေးနွေးခဲ့ပြီး ၎င်းတို့၏ လိုအပ်ချက်များကို သိရှိအောင်ပြုလုပ်ခဲ့သည်။

ရွာသူရွာသားပေါင်း ၃၆၇၉ ကျော်တက်ရောက်ခဲ့သည့် ဒေသခံဆွေးနွေးပွဲပေါင်း ၃၉ ခုအတွင်း Sembcorp မှ သိရှိခဲ့ရသည်မှာ ရွာသူရွာသားများအတွက် အဓိကအရေးတကြီးလိုအပ်ချက်များသည် သန့်ရှင်းသော သောက်သုံးရေရရှိရေး၊ မီးသတ်စနစ်များပိုမိုကောင်းမွန်ရေး၊ ကလေးငယ်များ ထိရောက်စွာ ပညာသင်ကြားနိုင်သည့် လူမှုဝန်းကျင်ကောင်းတို့ဖြစ်သည်။ ဤလိုအပ်ချက်များကို သိရှိပြီးနောက် Sembcorp သည် လိုအပ်ချက်များကို ရေရှည်အကျိုးဖြစ်ထွန်းစေရန် မည်သို့လုပ်ဆောင်ရမည်ကို စတင်စဉ်းစား အကောင်အထည်ဖော်ခဲ့သည်။

ဆွေးနွေးပွဲများအတွင်း တစ်ဦးတစ်ယောက်က လွှမ်းမိုး၍ ၎င်း၏လိုအပ်ချက်များကိုသာ အဓိကထား တင်ပြခြင်းမျိုး မဖြစ်စေဘဲ အများနားလည်လက်ခံသည့် အချက်များကို ပွင့်လင်းစွာ တင်ပြဆွေးနွေး နိုင်စေရန်ပြုလုပ်ရခြင်းသည် အဓိကကျသောအချက်ဖြစ်သည်။ ရပ်ရွာအတွင်း လွတ်လပ်စွာ ထုတ်ဖော် ပြောဆိုနိုင်စေရန် Sembcorp က “ရွာအစည်းအဝေး”ပုံစံ ဆွေးနွေးပွဲများကို ပြုလုပ်ပေးခဲ့ပြီး ရွာသားများနှင့် ကျေးရွာလူကြီးများကိုပါ တက်ရောက်စေခဲ့သည်။ သိန်းရွာမှ ကိုကျော်ကျော်လင်းက “ရွာသားတွေနဲ့ ဆွေးနွေးပွဲတွေ အများကြီး သူတို့ လုပ်ပေးခဲ့တာ ကျွန်တော်အကုန်လုံးကို တက်ဖြစ်ခဲ့တယ်၊ ဒီဆွေးနွေးပွဲ တွေက အကျိုးရှိတယ်လို့လည်း ယူဆပါတယ်” ဟု ပြောသည်။

အကြံပြုစကားအများအပြားကို နားထောင်ခြင်း

Sembcorp ၏ လူထုဆက်သွယ်ရေးအဖွဲ့သည် စက်ရုံအနီးတဝိုက်ရှိကျေးရွာများသို့ ပုံမှန်သွားရောက်ပြီး ကျေးရွာရှိ ကလေးငယ်များနှင့် ရွာသူရွာသားများ၏ ပိုမိုပွင့်လင်းသော တုံ့ပြန်ချက်များနှင့် တောင်းဆိုချက်များကို နားထောင် ရယူလေ့ရှိသည်။ ထိုသို့သော မှတ်ချက်များမှာ အကြံပေးစာပုံးများမှ ရရှိခြင်းဖြစ်သည်။ အကြံပေးစာပုံးများထားရှိပေးခြင်းဖြင့် လူအများတက်ရောက်သော အစည်းအဝေးပွဲ များတွင် မိမိဆန္ဒကို ထုတ်ဖော်ပြောကြားရန် မဝံ့ရဲသောသူများက အခြားသောအချိန်များတွင် မိမိတို့ မှတ်ချက်များကို ရေးသား၍ အကြံပေးစာပုံးများထဲ ထည့်ထားနိုင်ကြသည်။

“Sembcorp က ကျွန်တော်တို့ စိတ်ပူနေတာတွေကို အမြဲအလေးထားပြီး လိုအပ်တာတွေရှိရင် မေးပြီး မှတ်သားကြတယ်၊ ကျွန်တော်တို့ကို သူတို့ အများကြီးကူညီပေးခဲ့တယ်”ဟု သပြေသာကျေးရွာမှ ၅ တန်း ကျောင်းသား မောင်ဇော်မင်းရှိုင်းက ပြောသည်။ ဆွေးနွေးဖလှယ်ခြင်းလုပ်ငန်းများ မစတင်မီက ကျေးရွာရှိ ဒေသကျောင်းသည် ပျက်ဆီးယိုယွင်းလျက်ရှိသည်။ ဧရာဝတီမြစ်ကြောင်းနှင့် ကပ်လျက်တည်ရှိသော ဒေသဖြစ်သောကြောင့် ကျောင်းများသည် မိုးရာသီတွင် ပုံမှန် ရေလွှမ်းမှုကိုခံရတတ်သည်။ “မိုးရွာပြီဆိုရင် ဆရာမစာသင်တာ ဘာမှမကြားရတော့ဘူး”ဟု မောင်ဇော်မင်းရှိုင်းက ဆိုသည်။ “ခေါင်မိုးပေါက်ကနေ မိုးတွေယိုလာတတ်တော့ ကျွန်တော်တို့ မိုးလွတ်ရာကို ပြေးရရော” ။

ယင်းသို့သောအခြေအနေများကြောင့် မိဘများသည် သားသမီးများအား ကျောင်းလွှတ်မည့်အစား အိမ်တွင်သာ နေစေလိုခဲ့ကြသည်။ သပြေသာ ရွာသူကြီး ဦးဝင်းရွှေက “ကလေးတွေကို မိဘတွေက ကျောင်းကို မလွှတ်ချင်ကြဘူး ဖြစ်ခဲ့တာ၊ ၂၀၁၅ ခုနှစ်မှာ Sembcorp က ကျေးရွာအစည်းအဝေးတွေ အတွက် လာတော့ ကျွန်တော်တို့က ကလေးတွေအတွက် ကျောင်းကောင်းကောင်းလေးတွေ လိုတယ်လို့ တောင်းဆိုခဲ့ကြတယ်”ဟု ပြောသည်။

Sembcorp က သစ်လွင်ပြီး လုံခြုံစိတ်ချရသော ကျောင်းအဆောက်အအုံများနှင့် အိမ်သာအစရှိသည့် အခြားလိုအပ်သောအရာများကို ဆောက်လုပ်ပေးခဲ့သည်။ “ပညာရေးအတွက်အထောက်အပံ့တွေ ရတာဟာ ကျေးရွာအပေါ်မှာ သက်ရောက်မှု အများကြီးရှိခဲ့တယ်”ဟု ဦးဝင်းရွှေက ကောက်ချက်ချခဲ့သည်။ မောင်ဇော်မင်းရှိုင်းကလည်း “ခု ကျွန်တော်တို့ ကျောင်းကလေးကို အရမ်းသဘောကျတယ်၊ နွေမှာဆိုလည်း အရိပ်နဲ့ အေးအေးလေးစာသင်ရတယ်၊ မိုးမှာဆိုရင်လည်း မိုးမယို ရေမလွှမ်းတော့ဘူး”ဟု ပြုံးရွှင်ကျေနပ်လျက် ထောက်ခံခဲ့သည်။

ယင်းသို့သော တိုးတက်မှုများသည် လူငယ်များအတွက် ရေရှည်တွင် အခွင့်အလမ်းကောင်းများရရှိခြင်းနှင့် လူမှုအဖွဲ့အစည်းအတွက်လည်း အောင်မြင်အကျိုးဖြစ်ထွန်းစေသည်။ ယင်းသို့သောတိုးတက်မှုများသည် ကျေးရွာများတွင်ပြုလုပ်သော ဆွေးနွေးပွဲများမှ ချမှတ်လိုက်သော ဆုံးဖြတ်ချက်များကြောင့်သာ ရရှိခြင်းဖြစ်သည်ဟု သိရှိနိုင်သည့်အပြင်၊ မီးသတ်ရန်အတွက် မြေအောက်ရေသိုလှောင်ကန်များ တည်ဆောက်ခြင်းနှင့် ရေသန့်စက်ရုံ ၁၄ ခုကို တည်ဆောက်ပြီး မြင်းခြံဓာတ်အားပေးစက်ရုံအနီးတွင် နေထိုင်သည့် လူပေါင်း ၁၉,၀၀၀ ကို ရေသန့်ပေးဝေနိုင်ခဲ့ခြင်း အစရှိသည့် Sembcorp ၏ အခြား CSR လုပ်ဆောင်မှုများကိုလည်း ကောင်းသောသက်ရောက်မှုများရှိသည်။

Sembcorp ၏ CSR လုပ်ဆောင်မှုများသည် ဒေသခံရွာသူရွာသားများ၏ အကြံပြုချက်များဖြင့် ကောင်းစွာ လုပ်ဆောင်နေသည်ဆိုသော်လည် လိုအပ်ချက်များကို ဖြည့်ဆည်းပေးခြင်းမျှသာမဟုတ်ဘဲ ဘောလုံးကန်ခြင်းကို ကြိုက်နှစ်သက်သော မြန်မာလူမျိုးများအတွက် မြင်းခြံနှင့် တောင်သာမြို့နယ်များတွင် လေ့ကျင်းရေး ဖူဆယ်(Futsal) ဘောလုံးကွင်း ၂ ခုကိုပါ တည်ဆောက်ပေးခဲ့သည်။ ထိုခေတ်မီ ဖူဆယ်ဘောလုံးကွင်း ၂ ခုစလုံးတွင် ညအချိန်ကစားနိုင်ရန် မီးကြီးများတပ်ဆင်ထားပြီး မြက်ခင်းတုများပါ ပါဝင်သည်။ ကွင်း ၂ ခု စလုံးသည် လက်ရှိ လေကျင့်ရေးကွင်းများထက် ၂ ဆကြီးမားပြီး ဘောလုံးပြိုင်ပွဲများပါ ပြုလုပ်နိုင်သည်။ ချစ်ကြည်ရေး ကစားပွဲအနေဖြင့် Sembcorp ဝန်ထမ်းများနှင့် ဒေသခံပြည်သူများ အကြား ဘောလုံးပွဲများ ပြုလုပ်ခဲ့သည်။

မြင်းခြံဓာတ်အားပေးစက်ရုံအား မြန်မာအစိုးရထံသို့ ပြည်သူပိုင်စက်ရုံအဖြစ် မလွဲှပြောင်းမီ Sembcorp မှ ၂၂ နှစ် လည်ပတ်လုပ်ဆောင်မည်ဖြစ်သည်။ ယင်းဒေသတဝိုက်၏ အဓိက အလုပ်အကိုင်ပေးနိုင်သည့် စက်ရုံဖြစ်လာသောကြောင့် ဒေသအတွင်း အပြောင်းအလဲကြီးမားစွာ ဖြစ်ပေါ်ခဲ့ခြင်းမရှိဘဲ ပတ်ဝန်းကျင် လူမှုဒေသများကို အကျိုးဖြစ်ထွန်းစေမည့် CSR အစီအစဉ်များဖော်ဆောင်ပေးခဲ့မှုကြောင့် ဒေသခံများ အနေဖြင့် နောက်ထပ်ဆယ်စုနှစ်များအတွင်း မိမိတို့ဘဝ မည်သို့ပြောင်းလဲဖော်ဆောင်မည် ဆိုသည်ကို ယုံကြည်ချက်အပြည့်ဖြင့် ဆုံးဖြတ်နိုင်ကြပြီဖြစ်သည်။ ယခုကဲ့သို့သော လူမှုအကျိုးပြုလုပ်ငန်း CSR ကိုသာလျှင် ကောင်းမွန်ပြည့်စုံသော လုပ်ငန်းဟု ခေါ်နိုင်မည် မဟုတ်ပါလား။

This article was first published in Democracy Today on November 16, 2019.